Pregnant women experience severe nausea and vomiting

ကိုယ်ဝန်သည်တွေ ကြုံတွေ့ရတတ်တဲ့ ပြင်းထန် ပျို့အန်ဝေဒနာ

  • ဂျယ်လီလက် အိုလာဝါလေး
  • ရာထူးတာဝန်,ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန
  • ၁၀ ဇွန် ၂၀၂၅

“ဒီကလေး ရဖို့ ဘုရားမှာ ဆုပန်ခဲ့တာပါ။ ဒါပေမဲ့ အရမ်းခံစားရတဲ့အချိန်မျိုးဆိုရင် မြန်မြန်ပဲ မွေးချလိုက်ချင်တယ်။”

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်က ခရစ္စတာဘဲလ် အဲန်ဘေ ဟာ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိသိချင်းမှာ ဝမ်းသာမဆုံး ဖြစ်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ခရစ္စတာဘဲလ် က ကလေးရဖို့ ဘုရားမှာ နှစ်ပေါင်းများစွာ ဆုတောင်းလာခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ ပျော်ရွှင်မှုက စိတ်ညစ်စရာအဖြစ် ပြောင်းသွားခဲ့ပါတယ်။

ကိုယ်ဝန်ရှိအပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ကိုယ်ဝန်ရှိလို့ စိတ်လှုပ်ရှားပျော်ရွှင်နေရာကနေ သူ့ကျန်းမာရေးကြောင့် စိတ်ညစ်ညူးစရာတွေ ဖြစ်လာခဲ့ရပါတယ်။ ခရစ္စတာဘဲလ် ဟာ အပြင်းအထန် မူးဝေ အော့အန်တဲ့ ဝေဒနာ စခံစားလာရပါတယ်။ အစားအသောက် အနံ့ရရင်တောင် အန်ချင်စိတ် ဖြစ်လာတတ်ပါတယ်။ အဲဒီကစလို့ တချိန်လုံး အော့အန်မိမှာစိုးလို့ ရေလေးတစ်ငုံ သောက်ဖို့တောင် ကြောက်လာမိပါတယ်။

သူ့ရောဂါလက္ခဏာတွေက ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ရှိခါစ မနက်ဖက် အော့အန်တာမျိုးထက် ပိုပါတယ်။ ကိုယ်ဝန် ခြောက်ပတ်နဲ့ ၁၄ ပတ်အတွင်း ကိုယ်ဝန်သည်တွေမှာ ထွက်တတ်တဲ့ human chorionic gonadotropin (hCG) နဲ့ အက်စထရိုဂျင် လို ဟော်မုန်းတွေကြောင့် မနက်ဖက် အော့အန်တာမျိုးက အတော်များများမှာ ဖြစ်လေ့ရှိပါတယ်။ ခရစ္စတာဘဲလ်ရဲ့ အခြေအနေကတော့ ဒါ့ထက် အများကြီး ပိုဆိုးပါတယ်။

အဲဒီနောက်မှာတော့ ခရစ္စတာဘဲလ်မှာ Hyperemesis gravidarum လို့ခေါ်တဲ့ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန် ပျို့အန်တဲ့ ဝေဒနာ ခံစားနေရတာ ဖြစ်တယ်လို့ ဆရာဝန်တွေက စစ်ဆေးတွေ့ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ဝန် ၃၉ ပတ်လုံးလုံး ဒီဝေဒနာကို ဆက်ခံစားရမှာ ဖြစ်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ အာဟာရဓာတ်ချို့တဲ့တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*