
ပုလဲမှာ ပျက်ကျတဲ့တိုက်လေယာဉ် မတော်တဆမှုဖြစ်လာလို့ စစ်တပ်ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာ လေ့ကျင့်ရေးပြုလုပ်နေတုန်း စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
ပုလဲမြို့နယ်ထဲက ကန်ထောင့်ရဲစခန်းတိုက်ပွဲမှာ စစ်တပ်ရဲ့ တိုက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့တယ်လို့ အဲဒီစခန်းသိမ်းတိုက်ပွဲကို ဦးဆောင်နေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)က ပြောပြီး နာရီပိုင်းအကြာမှာ စစ်ကောင်စီက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ လေ့ကျင့်ရေးဆင်းတဲ့တိုက်လေယာဉ်ဟာ ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာအနီးအရောက်မှာ စက်ချို့ယွင်းခဲ့တာကြောင့် ပျက်ကျမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်လေယာဉ် ပျက်ကျခဲ့တဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုပြီး အကြောင်းရင်းကို သိရအောင် စုံစမ်းစစ်ဆေးနေပြီလို့ ဆိုပေမဲ့ လေယာဉ်အမျိုးအစားနဲ့ လေယာဉ်မှူးတွေ သေဆုံးပြီလားဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲ ထည့် မပြောထားပါဘူး။
လေယာဉ်ပျက်ကျအပြီးအခြေအနေကို ရိုက်ကူးထားပြီး လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ရုပ်သံမှာတော့ လေယာဉ်ဟာ တစ်စင်းလုံးနီးပါး ပျက်စီးသွားတာကို တွေ့ရပြီး လေယာဉ်မှူး ဖြစ်သူလို့ ယူဆရသူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း တွေ့ရတယ်လို့ အချင်းချင်း ပြောဆိုနေကြတာကိုလည်း ကြားရပါတယ်။
Leave a Reply