
စင်္ကာပူကုန်တင်သင်္ဘော ပင်လယ်ထဲ မီးလောင်လို့ မြန်မာအပါအဝင် သင်္ဘောသား ၄ ဦးပျောက်ဆုံးနေ

ဇွန် ၉ ရက်၊ နေ့လယ်ပိုင်းတုန်းက အိန္ဒိယရေပိုင်နက် ပင်လယ်ပြင်ထဲမှာ စင်္ကာပူကုန်တင်သင်္ဘော Wan Hai 503 မီးလောင်ပြီး မြန်မာအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေတယ်လို့ စင်္ကာပူ ရေ ကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA)က ထုတ်ပြန်ပါတယ်။
ပျောက်ဆုံးနေသူတွေဟာ မြန်မာက ၁ ဦး၊ ထိုင်ဝမ်က ၂ ဦးနဲ့ အင်ဒိုနီးရှားက ၁ ဦးဖြစ်တယ်လို့ MPA က ဆိုပါတယ်။
သင်္ဘောမှာလိုက်ပါလာတဲ့ သင်္ဘောသား ၂၂ ဦးထဲက ၁၈ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်က ကယ်ဆယ် နိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။
ဒဏ်ရာရ မြန်မာသင်္ဘောသား ၁ ဦးရဲ့ အမျိုးသမီးကတော့ သူ့အမျိုးသားဟာ ပေါက်ကွဲမှုကြောင့် လွင့် ထွက်သွားခဲ့တယ်လို့ ပြောပါတယ်။
“အကျမနာလို့ ကံကောင်းသွားတယ်။ ကွန်တိန်နာတွေ လွင့်ထွက်သွားတာကိုလည်း သူမြင်နေတာ။ ထပြေးနိုင်လို့ လွတ်လာတာ။ အခုသူက ဆေးရုံမှာ နားတစ်ဖက် အူနေတယ်” လို့ သူကပြောပါတယ်။
အရေပြားမီးလောင်ဒဏ်ရာနဲ့ ICU ထဲရောက်နေတဲ့ သင်္ဘောသား ၃ ဦးရှိတယ်လို့ ဆိုပါတယ်။
ကွန်တိန်နာတွေတင်လာတဲ့ ဒီသင်္ဘောဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကီးရာလ်ပြည်နယ်၊ အဂျစ်ကားလ်မြို့ အနောက်တောင်ဘက် ၈၀ ကီလိုမီတာအကွာအရောက် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာပါ။
ဒီနေ့အထိ မီးငြိမ်းသတ်နေရဆဲဖြစ်တယ်လို့ အိန္ဒိယ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။
Wan Hai 503 သင်္ဘောဟာ စင်္ကာပူမှာ မှတ်ပုံတင်ထားတဲ့ ထိုင်ဝမ်ကုမ္ပဏီ Wan Hai Lines (Singapore) Pte Ltd. ပိုင် ကုန်တင်သင်္ဘော ဖြစ်ပါတယ်။
Leave a Reply