
စစ်တပ်လက်ထဲ နှစ် ၃၀ နီးပါးရောက်ခဲ့တဲ့ ထိုင်း -မြန်မာနယ်စပ်က အမိုစခန်းကို သိမ်း – KNU

ထိုင်း – မြန်မာနယ်စပ်၊ ထားဝယ်မြို့နယ်ထဲက အမိုနယ်စပ် (ခေါ်) ပွိုင့် ၂၆၅၅ စစ်ကောင်စီစခန်းကို ကရင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၁၀ ရက်မှာ သိမ်းပိုက်နိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် တစ်ဖက်ခြမ်းမှာရှိတဲ့ဒီစခန်းကို ဒီနေ့ မနက် ၁၀ နာရီမှာ သိမ်းခဲ့တာလို့ စခန်းသိမ်း တိုက်ပွဲမှာပါဝင်တဲ့ FFD ဒရုန်းအဖွဲ့က ပြောပါတယ်။
အဲဒီစခန်းဟာ မြန်မာစစ်တပ်က ၁၉၉၇ ခုနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် KNU တပ်ဖွဲ့ဝင်တွေ နောက်ဆုတ်ခဲ့ရပြီးနောက် ၂၈ နှစ်အကြာမှာ ပြန်သိမ်းပိုက်နိုင်တာလို့ KNU မြိတ်-ထားယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။
အမို စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၄)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၈ ရက်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ကောင်စီစခန်းမှာ ခန့်မှန်းအင်အား ၄၀ ဝန်းကျင်လောက်ရှိပြီး စခန်းသိမ်းပိုက်နိုင်ချိန်မှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်းနဲ့ လက်နက်တချို့ သိမ်းမိတယ်လို့ သိရပါတယ်။
“ကျန်တဲ့သူတွေက ထိုင်းဘက်ကို ထွက်ပြေးသွားတယ်။ ထိုင်းနဲ့မြန်မာ နယ်စပ်စည်းက တောင်တွေခြားထားတာဆိုတော့ ထိုင်းဘက်တောင်ကြောကို တက်ပြေးသွားကြတယ်”လို့ KNU မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။
အမို စခန်းဟာ ပြီးခဲ့တဲ့ မေတုန်းက KNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ထီးခီးစခန်းနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်လောက် ကွာဝေးတဲ့နေရာမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
Leave a Reply